မြန်မာဖိုင်းဒ်တော့ခ်နက်

VIRTUAL စကားဝိုင်း

Go down

VIRTUAL စကားဝိုင်း

Post  mkn on Sun May 30, 2010 9:28 am

“ဆရာလူထုစိန်ဝင်း နှင့် VIRTUAL စကားဝိုင်းထိုင်ခြင်း”

ကျနော် မိုးခက်နွယ်..... မေး၍

ဘဘ လူထုစိန်ဝင်း.......ဖြေသည်။


-ဆရာ...လူငယ်တွေနဲ့ ပက်သက်ပြီး မေးခွန်း နဲနဲလောက် မေးချင်ပါတယ်။ ပထမဆုံးပေါ့..မေးခွန်းလေးတွေ မမေးခင် ဆရာ့ အနေနဲ့ လူငယ်ဆိုတာကို ဘယ်လိုများ သရုပ်ခွဲချင်ပါသလဲ…. ခင်ဗျာ၊


-လူငယ်ဆိုတာလား၊ ထွေထွေ ထူးထူး ခွဲစရာမရှိပါဘူး။ မြူးထူးတက်ကြွ လန်းဆန်းခြင်းဆိုတာ လူငယ်စရိုက်ပါ။ အမှီအခို၊ အချုပ်အချယ်က ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ်ကြီး ရေဆန်ကို လူးလာကူးခတ်ချင်တာကလည်း လူငယ်ရဲ့ သဘာဝပါ။ ပြီးတော့.. လူငယ်ဆိုတာ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့အမြင့်ဆုံးရောက်အောင် ပျံသန်းချင်တဲ့ စိတ်ရှိရမယ်။



-ဟုတ်ကဲ့ပါ ဆရာ။ အားနည်းချက်၊ အားသာချက် အဲဒါတွေနဲ့ ပက်သက်ပြီးတော့ပေါ့..ဆရာ..။ ဆရာ့အမြင်..ဒီခေတ် လူငယ်တွေ မှာဘယ်လို အားနည်းချက်၊ အားသာချက်တွေ ရှိနေပါလဲ..ဆရာ

-you can and you should shape your future. because if you don’t, somebody else surely will. ဘယ်သူရေးလဲ မမှတ်မိတော့ဘူး၊ ဒီစာသားလေးပဲ မှတ်မိနေပါတယ်။ ကျောင်းသားတွေကို စာသင်တုန်းက အမြဲတမ်းလိုလို ရွတ်ပြ၊ သင်ပြ လုပ်နေတော့..နှုတ်ထဲစွဲနေတာပါ။

ဒီနေ့ခေတ် မြန်မာလူငယ်လေးတွေဟာ ဥာဏ်စွမ်းဥာဏ်စ ရှိကြပါတယ်။ လူမျိုးရဲ့ ပင်ကိုစရိုက် ကို က ထက်မြက်ပြီး ဥာဏ်ရည်မြင့်လို့ ဘယ်သူနဲ့ ယှဉ်ယှဉ် အောက်ကျ နောက်ကျ မဖြစ်ပါဘူး။ ဘာပညာပဲ သင်သင် တတ်လွယ်၊ သိလွယ်ပါတယ်။

ဒါပေမယ့်လို့...မြန်မာလူငယ်၊ လုံမငယ်လေးတွေ အားနည်းနေတာ တစ်ခုပဲ ရှိပါတယ်၊ အဲဒါကတော့... မှီခိုလိုစိတ် ကြီးမားနေခြင်းပေါ့။ ကျောင်းမှာဆိုရင်လည်း ဆရာ့မှတ်စုတွေကို သိပ်ပြီး အားကိုးမှီခိုတယ်၊ အိမ်မှာဆိုရင်လည်း မိဘတွေကို သိပ်ပြီး မှီခိုပြီး အကြောင့်ကြခံလွန်းအားကြီးပါတယ်၊
မိဘတွေအနေနဲ့ ရှေးခေတ်ကလို ရင်အုပ်မကွာ ဘယ်စောင့်ရှောက်နိုင်တော့မှာလဲ..၊ အဲဒီလို မစောင့်ရှောက်နိုင်တဲ့အခါကျတော့ မိဘ အကြောင့်ကြခံလွန်းတဲ့ သားသမီးများ ယောင်ချာချာနဲ့ မလုပ်တတ်၊ မကိုင်တတ် ဖြစ်ကြရတော့တယ်။

ခေတ်အပြောင်းအလဲက ရှေးကလိုမဟုတ်တော့ဘူး၊ သိပ်ကိုမြန်ဆန်ပါတယ်။ အာကာသလွန်းပျံယာဉ်ခေတ်ကြီးကို လှေနဲ့၊ လှည်းနဲ့ အမီ မလိုက်နိုင်တော့ သလိုပဲ ရှေးဟောင်းလူနေမှုပုံစံ တွေနဲ့ ဒီခေတ်ကြီးထဲ တိုးဝင်လို့ မရနိုင်တော့ပါဘူး။ အမိုးတစ်ခုတည်းအောက်မှာ မိရိပ်ဖရိပ် ခိုပြီး နေချင်လို့ မရတော့ဘူး၊
ခေတ်တွေပြောင်းသလို လူနေမှုပုံစံတွေ၊ စိတ်ဓာတ်တွေပါ ပြောင်းလဲရပါမယ်။

ဒီနေရာမှာ လူကြီးတွေက ပြောင်းလဲဖို့ ၀န်လေးတတ်ကြတယ်၊ သားသမီးကို ဘယ်အရွယ်ရောက်နေနေ စိတ်မချနိုင်ကြဘူး၊ အဲဒီလို မိဘတွေရဲ့ စိတ်မချနိုင်မှု လွန်ကဲရာက လူငယ်တွေမှာ မှီခိုစိတ် တွေအောင်းလာရတာ ဖြစ်တယ်။ မှီခိုစိတ် သိပ်ကြီးလာရင် ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းလာလေ့ ရှိတယ်။ အဲဒီကတစ်ဆင့် လူတောမတိုးရဲ တဲ့ စိတ် တွေဖြစ်လာတတ်ပါတယ်။

ဒီခေတ် မြန်မာ လူငယ်လေးတွေ အဓိက အားနည်းနေတာ အဲဒီအပိုင်းပါပဲ။



-အဲဒီတော့ ဆရာပြောလိုတာက လောင်းရိပ်မိ တဲ့ လူငယ်တွေမှာ အားနည်းချက် ပိုများမယ်ပေါ့။ ဒီလိုဆို..မိဘတွေအနေနဲ့ .... ဘယ်လို....၊

-အစောကပြောခဲ့သလိုပါပဲ.. ခေတ်တွေပြောင်းသလို လူနေမှုပုံစံတွေ၊ စိတ်ဓာတ်တွေပါ ပြောင်းလဲရပါမယ်။
အရှေ့တိုင်းသား အားလုံးဟာ ရှေးပဝေဏသီ ကတည်းက မိသာစုကြီး ပုံစံနဲ့ အိမ်ဝိုင်းကြီးတစ်ခု အတွင်းမှာ အတူနေခဲ့ကြပါတယ်၊ သားသမီးတွေ အိမ်ထောင်ရက်သားကျသွားလည်း အိမ်ဝိုင်းကြီးထဲမှာပဲ အိမ်ငယ်လေးတွေ ဆောက်ပြီး မိဘ၊ အထူးသဖြင့် အဖရဲ့ အရိပ်အောက်မှာပဲ နေလေ့ရှိပါတယ်။ သားသမီးက သားတွဲလဲ၊ သမီးတွဲလဲဖြစ်နေလည်း မိဘရဲ့ အရိပ်အာဝသ အောက်မှာပဲ အပူအပင်မရှိ နေခဲ့ကြပါတယ်။
ရှေးခေတ်ကတော့ ဖြစ်တာပေါ့။

ဒီခေတ်ကြီးထဲမှာတော့ ကိုယ်ခြေထောက်ပေါ် ကိုယ်ရပ်ပြီး ကိုယ့်ဝမ်းကိုယ်ကျောင်းရပြီလေ၊ အဖေမိဘကလည်း သားသမီးကို ကလေးလေးလို သဘောထားလို့ မဖြစ်နိုင်တော့ပါဘူး။

ပြီးတော့ ဘက်ပေါင်းစုံမှာ အရှိန်အဟုန်ကြီးမားပြင်းထန်စွာ လှုပ်ရှားပြောင်းလဲနေတဲ့ ဒီခေတ်ကြီးနဲ့ သွက်လက်ဖျတ်လတ်မှု ရှိတဲ့ လူငယ်တွေနဲ့ပဲ လိုက်ဖက်ပါတယ်။ (အတွေးအခေါ်သစ်များဟာ ပုံသဏ္ဍန်သစ်တွေနဲ့ ပဲ လိုက်ဖက်ပါလိမ့်မယ်။ လူငယ်တွေမှာ ဆန်းသစ်တဲ့ ပုံသဏ္ဍာန်တွေကို ကြံဆ တီထွင်နိုင်စွမ်းရှိပါလိမ့်မယ်။)
ဒီတော့ကာ ခေတ်နဲ့ အညီ ပြောင်းလဲကြရတော့မှာ၊ မပြောင်းနိုင်ရင် အိမ်တွင်း ပြဿနာလေးတွေ အဆက်မပြတ် ဖြစ်နေရမှာပဲ။ အဲဒါကြောင့် မိဘတွေက ဇတ်ကြိုးကိုလွှတ်ပေးသင့်တဲ့ အချိန်အခါ ရောက်မရောက်၊ တွေးဆပြီး လွှတ်ပေးသင့်ချိန်မှာ လွှတ်ပေးရပါမယ်။

ဒါမှလည်း လူငယ်တွေ လောင်းရိပ်က လွတ်ပြီး လန်းလန်းစွင့်စွင့် ဖြစ်လာကြမှာပါလို့ ပြောချင်ပါတယ်။



-မြန်မာလူငယ်လေးတွေ အနေနဲ့ တစ်ခါတစ်ခါ စိတ်အားငယ် ကြရပါတယ်။ တစ်ချို့ တစ်ချို့ က မြန်မာတွေဟာ “ ညံ့တယ်၊ ဖျင်းတယ်၊ ပျင်းတယ်၊ စည်းကမ်းမရှိဘူး၊ သတ္တိကြောင်တယ်…” အဲဒီလို အယူအကောက်လေးတွေ ရှိနေတော့ပေါ့ ဆရာ..အဲဒါနဲ့ပက်သက်ပြီး….၊


-မြန်မာတွေ မညံ့ပါဘူး၊ ဥာဏ်ရည်မြင့်ပါတယ်၊ ကိုယ်ရည်ကိုယ်သွေး လည်း ထက်မြက်ပါတယ်။ တစ်ထွာပြရုံနဲ့ တစ်လံမြင်နိုင်ပါတယ်။ ဘယ်ပညာရပ် မဆို သင်လွယ်၊ တတ်လွယ် ပါတယ်။

ဒီခေတ် ပညာတတ် အသိုင်းအ၀ိုင်းထဲက တစ်ချို့သူများက “မြန်မာတွေ ညံ့တယ်၊ ဖျင်းတယ်၊ ပျင်းတယ်၊ စည်းကမ်းမရှိဘူး၊ သတ္တိကြောင်တယ်…” စသဖြင့် ပြောတတ်ကြ၊ ရေးတတ်ကြတာတွေ ကြားရ၊ ဖတ်ရတိုင်း အားကြီးစိတ်ဆိုးမိတယ်။

မြန်မာတွေဟာ ကမ္ဘာ့အရေး၊ နိုင့်ငံ့အရေး စတဲ့နေရာတွေမှာတောင် အင်မတန် အကင်းပါးပါတယ်။ ပါးရည်နပ်ရည် ရှိကြတယ်။ နိုင်ငံခြားက မိတ်ဆွေ စာနယ်ဇင်းသမားတွေ၊ တက္ကသိုလ် အ၀န်းအ၀ိုင်းက ပညာရှင်တွေလာတိုင်း နိုင်ငံရေးနားလည်မှု၊ ပါးရည်နပ်ရည်ရှိမှုမှာတော့ အနောက်တိုင်းက လူတွေထက် မြန်မာတွေက အများကြီးသာပါတယ်။ ဘာကြောင့်လဲဆိုတော့….၊

မြန်မာတွေဟာ ရှင်ကြီးဝမ်းလည်းဝင်ခဲ့ဖူး၊ ရှင့်ငယ့်ဝမ်းလည်း ၀င်ခဲ့ဖူး (နယ်ချဲ့အင်္ဂလိပ် နှင့် ဖက်ဆစ် ဂျပန် ကို ညွှန်း) လေတော့ လူတစ်ယောက် ပါးစပ်ဟလိုက်တာနဲ့ အူမထိအောင် မြင်တတ်ကြပါတယ်။ ဥပမာ ဖြစ်ရပ်တစ်ခုအနေနဲ့…၊

၉/၁၁ အရေး အပြီး အမေရိကန်သမ္မတ ဂျော့ဘုရှ် က အာဖဂန်နစ္စတန် ကို စတင်တိုက်ခိုက်ချိန်မှာ ကမ္ဘာ့မီဒီယာတွေအားလုံးက ဒီလို တိုက်တာ မှားတယ်၊ မှန်တယ် ငြင်းခုန်ကောင်းနေတုန်းမှာပဲ မြန်မာစာနယ်ဇင်း သမားတစ်ယောက်က “အာဖဂန်ပြီးတော့ အီရတ်လား” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဂျော့ဘုရှ် ဟာ မကြာမီပဲ အီရတ်ကို တိုက်လိမ့်မယ်လို့ ကြိုတင်ရေးသားခဲ့တယ်။

အဲဒီအချိန်မှာပဲ အနောက်စာနယ်ဇင်းတွေနဲ့ နိုင်ငံရေးသမားတွေ ဘယ်သူမှ ဒီစကားမပြောကြသေးဘူးလို့ ပြောတဲ့အခါ သူတို့ တအံတသြ ဖြစ်ပြီး အဲဒီဆောင်းပါးကို ကြည့်ပါရစေတောင်းလို့ ကူးပေးရ၊ ဘာသာပြန်ပေးရ လုပ်ရပါသေးတယ်။

ဒီနေရာမှာ ပြောချင်တာက “ မြန်မာတွေ မညံ့ဘူး၊ မဖျင်းဘူး၊ မပျင်းဘူး၊ သတ္တိမကြောင်ဘူး..” ဆိုတာပါပဲ။ နယ်ချဲ့လက်အောက် နှစ်၁၀၀ကျော် ပြားပြားဝပ်နေချိန်ကတောင် အာရှတိုက်တစ်ခုလုံးမှာ မြန်မာတွေဟာ စာတတ်မြောက်မှုနှုန်း အမြင့်ဆုံး လူမျိုးပါ။


-ဟုတ်ကဲ့ပါဆရာ..၊ လူငယ်တွေ အကြောင်းကို ပြန်ကောက်ကြရအောင်ပါ..ဆရာ။ တစ်ချို့စာတွေမှာဖတ်ရပါတယ် “မှာယွင်းမှုတွေနဲ့ ပြည့်နေတဲ့ ဘ၀ဟာ လူငယ်ဘ၀ပဲ…” တဲ့။ ဟုတ်တော့ဟုတ်ပါတယ်။ ဒါပေမယ့် လူငယ်တစ်ချို့က အလုပ်တစ်ခုခု လုပ်တော့မယ်ဆိုရင် “မှားသွားမလား…” ဆိုတဲ့ စိတ်အစွဲနဲ့ လက်တွန့်သွားကြပါတယ်၊ ဆရာအနေနဲ့ ဘယ်လိုများ လမ်းညွှန်ချင်ပါသလဲ… ဆရာ။

-လူငယ်ဆိုတော့ အတွေ့အကြုံနည်းတာ သဘာဝပဲ။ ဒါပေမယ့် အတွေ့အကြုံ မရှိသေးတဲ့၊ အတွေ့အကြုံနည်းတဲ့ လူငယ်ဖြစ်လို့ မှားမှာကြောက်တယ်ဆိုရင်၊ အတွေ့အကြုံ အများကြီးရှိတယ်ဆိုတဲ့ လူကြီးတွေကော မမှားလို့လား..။ အလုပ်လုပ်ရင် ကြီးငယ်မဟူ တစ်ကြိမ်မဟုတ် တစ်ကြိမ်တော့ မှားမှာပဲ။ မှားတာကရှက်စရာမဟုတ်ဘူး။ အလုပ်လုပ်လို့ မှားတာ။ မလုပ်ရင် မမှားဘူး။ ဘာမှလည်းဖြစ်လာမှာ မဟုတ်ဘူး။

လူငယ်လေးတွေကို မှားမှာမကြောက်ပါနဲ့။ လူငယ်တွေရဲ့ စိတ်ကူး၊ လူငယ်တွေရဲ့ခံစားချက်၊ လူငယ်တွေရဲ့အမြင်၊ လူငယ်တွေရဲ့ ကိုယ်ပိုင်အိပ်မက်တွေနဲ့ ကိုယ်စိတ်ကြိုက်သာ လုပ်စမ်းပါ။ ကိုယ်မက်ခဲ့တဲ့ အိပ်မက်တွေကို ကြိုးစား အကောင်အထည်ဖော်စမ်းပါ။ အမှားတွေ တစ်လှေကြီး တွေ့မှာပဲ။ အမှားများများ လုပ်လေ သင်ခန်းစာ များများ ရလေပါပဲ။ အမြတ်ထွက်ပါတယ်။ မှားတာ အရေးမကြီးဘူး။ အရေးကြီးတာ စေတနာပါ။ ဘာပဲလုပ်လုပ်၊ ဘာပဲပြောပြော စေတနာသာ မှန်ပါစေ။


-ဆရာပြောသွားတဲ့ အထဲမှာ “ကိုယ်ပိုင်အိပ်မက်တွေနဲ့ ကိုယ်စိတ်ကြိုက်သာ လုပ်စမ်းပါ…” ဆိုတော့ ဆရာ။ လူငယ်တွေကိုယ်၌က စိတ်ကူးစိတ်သန်း အရမ်းပွားကြပါတယ်။ စိတ်ကူးယဉ် အိပ်မက်မက်တယ် လို့ပြောကြတာပေါ့ ဆရာ။ အဲဒီမှာ.. “စိတ်ကူးယဉ် တယ်ဆိုတာ ပိုက်ဆံမပေးရပေမယ့် အဖိုးတန် အချိန်တွေ အများကြီး ပေးလိုက်ရတယ်” လို့ စောဒက တွန့်ကြပါတယ်။ အဲဒါကြောင့် အခု ကြုံကြိုက်တုန်းလေး “လူငယ်နဲ့ စိတ်ကူး အိပ်မက်တွေ…” နဲ့ပက်သက်ပြီး ဆရာ့ အမြင်ကို သိခွင့်ရပါရစေ။

-အင်း ဒီအကြောင်းက ပြောရတာ နဲနဲတော့ ရှည်လိမ့်မယ်။ ကဲ ထားတော့။

စိတ်ကူးယဉ်တာကို အကောင်းမြင်သူရှိသလို၊ အကောင်းမမြင်သူတွေလည်းရှိပါတယ်။ အကောင်းမမြင်သူတွေက စိတ်ကူးယဉ်တာဟာ ခုခေတ်စကားနဲ့ ပြောရင် “ဂေါက်” နေတာလို့ မြင်တတ်ကြပါတယ်။ မဖြစ်နိုင်တာတွေကို စိတ်ရူးပေါက်ပြီး လေထဲ အိမ်ဆောက်နေတယ်ပေါ့။ သူတို့က လက်တွေ့ကျမှု ကိုမှ ကောင်းတယ်၊ မှန်တယ်လို့ အထင်ရှိပြီး၊ လက်တွေ့ကျသူကမှ အောင်မြင်နိုင်စွမ်းရှိတယ်လို့ ယူဆထားကြတယ်။

တစ်ကယ်တော့ ဘာအလုပ်ပဲဖြစ်ဖြစ် စိတ်ကူးက ပေါက်ဖွားလာတယ်ဆိုတာ သတိမထားမိတာပါ။ စိတ်ကူးကြောင့် အလုပ်ပေါ်လာပြီးမှ လက်တွေ့ အကောင်အထည်ဖော်ရတာ ဖြစ်ပါတယ်။ စိတ်ကူးမပါတဲ့ လက်တွေ့သက်သက်ဟာ အကန်းလမ်းလျှောက်သလိုပဲ ဆိုတဲ့ စကားရှိပါတယ်။ အလားတူပဲ လက်တွေ့မပါတဲ့ စိတ်ကူးတိုင်းလည်း လေဖန်းဒန်းစီး သလိုသာ ဖြစ်လိမ့်မယ်။ စိတ်ကူးနဲ့ လက်တွေ့ဆိုတာ အမြဲဒွန်တွဲ နေရပါမယ်။ ဒါမှလည်း ဖြစ်မြောက်မှာပါ။
စိတ်ကူးယဉ်တာဟာ ရူးတာ၊ အချိန်ဖြုန်းတာ မဟုတ်ပါဘူး။ အောင်မြင်သူတိုင်းရဲ့ အခြေခံ လုပ်ငန်းဖြစ်ပါတယ်။ အသိဥာဏ်ရှိသူသာ စိတ်ကူးယဉ်နိုင်ပါတယ်။
ပြီးတော့..လူငယ်တွေ။ လူငယ်ဆိုတာ အမြင့်ဆုံးကို ရောက်အောင်ပျံသန်းချင်တဲ့ စိတ်ရှိရမယ်။

“အိပ်မက်တွေ နောက်ကိုလိုက်၊ ကြယ်ပွင့်ကိုရအောင်ယူ”

လူငယ်တွေကို အိပ်မက်မက်တတ်ဖို့ အမြဲလှုံ့ဆော်ခဲ့ပါတယ်။ အိပ်မက်လေးတောင်မှ မမက်တတ်သူ၊ စိတ်ကူးလေးတောင် မယဉ်ရဲသူဟာ ဘယ်တော့မှ အောင်မြင်သူ မဖြစ်နိုင်ပါဘူး။ အိပ်မက်ဆိုတာ လူငယ်တို့ရဲ့ သင်္ကေတ ပါပဲ။ အိပ်မက်တောင် မမက်တတ်သူဟာ လူငယ်မဟုတ်ဘူး။

ကိုယ့်အိပ်မက်ကိုဆောက်၊ ကိုယ့်လမ်းကိုယ် ၀ံ့ဝံ့စားစားဖောက်ရမှာပါ။ သူများဆွဲပေးတဲ့ format ၊ သူများချပေးတဲ့ လမ်းကြောင်းဆိုရင် သူများ စိတ်ကူးပဲ ဖြစ်မှာပေါ့။ ကိုယ့်စိတ်ကူး ဘယ်ဟုတ်တော့မှာလဲ။ ဒီနေရာမှာ တစ်ဆက်တည်း ပြောချင်တာလေးရှိပါတယ်။

သူများလမ်းခင်းပေးမှ လျှောက်တတ်တာ၊ ခိုင်းမှလုပ်တတ်တယ် ဆိုတဲ့ စိတ်ဟာ သူ့ကျွန်ဘ၀မှာ ကိုလိုနီအရှင်သခင်ကြီးတွေ ရိုက်သွင်းခဲ့တဲ့ “ကျွန်စိတ်”။ အခုခေတ်ဟာ ကိုလိုနီအရှင်သခင်ကြီးတွေရဲ့ ခေတ် မဟုတ်တော့ဘူး။ ပုံစံသစ်နဲ့ ကိုလိုနီလုပ်ချင်သူတွေ ရှိနေသေးပေမယ့် ရှေးရှေးကလို ဘုန်းမီးနေလတောက်ပတဲ့ ခေတ်မဟုတ်တော့ဘူး။ “ကျွန်စိတ်” တွေကို မီးသင်္ဂြိုလ်စက်ထဲ ထည့်ပစ်သင့်ကြပြီ။

အထူးသဖြင့် လူငယ်တွေမှာ အဲဒီစိတ်တွေ လုံးဝ မရှိသင့်တော့ဘူး။ သူများဖောက်တဲ့ လမ်းကိုလျှောက်ရင် သူများသွားခိုင်းတဲ့ ခရီးပဲသွားရမှာပေါ့။ ဒီတော့ လူငယ်တွေဟာ ကိုယ့်အိပ်မက်ကိုယ် ရဲရဲကြီးဆောက်ပြီး ကိုယ်ဖောက်တဲ့လမ်းကိုယ် လျှောက်ရမှာပါ။ ထပ်လောင်းပြောချင်တာက အိပ်မက်ဆိုတာ လူငယ်တို့ရဲ့ သင်္ကေတပါ။ စိတ်ကူးယဉ်တယ်ဆိုတာ ပညာရှိများသာ လုပ်နိုင်ပါတယ်။


-ကျေးဇူးတင်ပါတယ် ဆရာ။ ပြီးတော့ ခုခေတ်မှာ Depression ဆိုတာ လှိုက်စားနေပါတယ်။ လူငယ်တွေနဲ့လည်း မကင်းပါဘူး။ ဆရာ့အနေနဲ့ လူငယ်တွေကို ဘယ်လိုဆေးမျိုး ပေးချင်ပါသလဲ.. ဆရာ။

-ပထမဆုံး focus လုပ်ရမှာက စိတ်ဓာတ်ကျတတ်တာ ဘာကြောင့်လဲ….ဆိုတာပေါ့။

အခုတလောမှာ နေ့စဉ်နဲ့အမျှ တပည့် လူငယ်လေးတွေရဲ့ ရင်ဖွင့်ညည်းညူသံတွေကို စိတ်ရှည်လက်ရှည် နားထောင်ပြီး နှစ်သိမ့်အားပေးစကားတွေ ပြောနေရပါတယ်။ လူငယ်သဘာဝ အောင်မြင်တဲ့သူတွေကို အားကျတာ မဆန်းပါဘူး။ ဒါပေမယ့် သူများကို အားကျစိတ်ပေါ်လာတာနဲ့ တစ်ပြိုင်နက်တည်း ကိုယ့်ကိုယ်ကို အားမလို အားမရစိတ်တွေ၊ သိမ်ငယ်စိတ်တွေ ၀င်ရောက်လာတတ်မြဲပါ။ သိမ်ငယ်စိတ်ဝင်လာပြီးတော့ လမ်းစပျောက်ပြီ၊ ဘ၀ပျက်ပြီလို့ ညည်းတတ်တဲ့သူတွေဟာ ယုံကြည်ချက်အခိုင်အမာ မရှိတဲ့သူတွေ ဖြစ်တတ်ကြပါတယ်။

ယုံကြည်ချက်တစ်ခုကို အမှန်တစ်ကယ် စွဲစွဲမြဲမြဲ ယုံကြည်ပြီဆိုရင် အဲဒါက ကိုယ့်ဘ၀အတွက် လမ်းပြကြယ်ဖြစ်ပါတယ်။ ဘယ်အခြေအနေမှာ ဘာလုပ်ရမယ်ဆိုတာကို အမြဲရှေ့ဆောင်လမ်းပြလုပ်နေမှာပါ။ လမ်းမပျောက်ရင် စိတ်ဓာတ်လည်း မကျတော့ဘူးပေါ့။

နောက်တစ်ခုကတော့ ရလဒ် အဓိကစိတ်ပါ။

တောင်တက်တယ်ဆိုတာ တောင်ထိပ်ကိုရောက်ခြင်း၊ မရောက်ခြင်းက အဓိကမဟုတ်ဘူး။ တောင်တက်နေရတာကိုက အရသာရှိတာ။
တောင်တက်သမားတွေ ပြောလေ့ရှိတဲ့ စကားပါ။ ဒီခေတ်လူငယ်တွေ ဒီစကားကို ကြားသိစေချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ တစ်ချို့လူငယ်တွေက “ ဘယ်လောက် အလုပ်လုပ်၊ လုပ်တိုင်းလည်း ဖြစ်လာတာမှ မဟုတ်တာ၊ ဒီတော့ ကြိုးစားရတာ အချည်းအနှီးပါပဲ..” ဆိုပြီး ခိုညည်းသလို ညည်းတတ်ကြလွန်းလို့ပါ။ “ဖြစ်သမျှအကြောင်း အကောင်းချည်းပေါ့၊ ကံစီမံရာ ဖြစ်ကြရတာပဲ..” ဆိုတဲ့ စကားမျိုးတွေချည်းပဲ၊ လူငယ်မဟုတ်ကြသလိုပဲ၊ သံဝေဂစကားတွေ သိပ်ပြောကြတယ်။
ဒါတွေဟာ “အလုပ်” ဆိုတဲ့ စကားအပေါ် အဓိပ္ပာယ်ဖွင့်ဆိုမှု လွဲမှားနေတာကြောင့်လို့ ယူဆမိပါတယ်။ “အလုပ်” ရဲ့တန်ဘိုးကို ယျေဘူရအားဖြင့် “ရလဒ်” နဲ့သာ အကဲဖြတ်လေ့ရှိကြတာကိုး၊


-ဒီတော့ ဆရာ၊ မရှင်းလို့ ဖြတ်မေးပါရစေ၊ ရလဒ် ကို ထည့်မစဉ်းစားရင် အလုပ် ရဲ့ စံနှုန်းတန်ဘိုး ထိုးမကျသွားဘူးလား ဆရာ။

-ကျမသွားပါဘူး။ တစ်ကယ်တော့ ရလဒ်ဟာ အလုပ်ရဲ့တန်ဘိုး မဟုတ်ပါဘူး။ စွမ်းဆောင်မှုကသာ တန်ဘိုး ဖြစ်ပါတယ်။ ဘယ်လောက်လုပ်နိုင်သလဲ၊ ဘယ်လောက်လုပ်နေသလဲ ဆိုတာနဲ့သာ အလုပ်ကိုတိုင်းတာရမှာ၊ အကဲဖြတ်ရမှာပါ။


Last edited by mkn on Sun May 30, 2010 9:56 am; edited 1 time in total
avatar
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

View user profile

Back to top Go down

Re: VIRTUAL စကားဝိုင်း

Post  mkn on Sun May 30, 2010 9:52 am

-ဒါဆို အလုပ်ရဲ့တန်ဘိုးဟာ အလုပ်သာလျှင် ဖြစ်တယ် လို့ ဆိုရမှာပေါ့ ဆရာ။

-ဟုတ်ပါတယ်။ အလုပ်တစ်ခု လုပ်တယ်ဆိုရင် အလုပ်မပြီးဆုံးသည့်တိုင် လုပ်ပြီးသမျှကတော့ သူ့အတိုင်းအတာနဲ့သူ အကျိုးရှိစေပါတယ်။ အချည်းအနှီးဖြစ်တယ်ဆိုတဲ့ အလုပ်မရှိပါဘူး။ အားထုတ်သလောက်တော့ တန်ဘိုးရှိတာချည်းပါပဲ။ အဲဒါကြောင့် အလုပ်ရဲ့တန်ဘိုးကို ရလဒ် နဲ့ အကဲမဖြတ်သင့်ပါဘူး။ လောကကြီး ပျက်ချင်တိုင်ပျက်ပြီး နိုင်လိုမင်းထက်စိတ်တွေ လွှမ်းမိုးနေတာ၊ ဘယ်သူသေသေ ငတေမာပြီးရောစိတ်တွေ လွန်ကဲနေတာတွေဟာ အလုပ်ကို ရလဒ် နဲ့ချည်း ကြည့်နေကြလို့ပါ။ ဒီလိုစိတ်တွေ လူငယ်တွေဆီမှာ မကိန်းအောင်းသင့်ပါဘူး။

စွမ်းဆောင်မှုသာ အဓိက၊ အလုပ်သာအဓိက ဆိုတဲ့ စိတ်ဓာတ်မျိုးတွေ ထားတတ်လာမှသာ လောကကြီး သာယာအေးချမ်းမှာ ဖြစ်ပါတယ်။ ကိုယ်တိုင်လည်း အေးချမ်းမှာပါ။ လူ့ဘ၀မှာ အရေးကြီးဆုံးက ကြုံတောင့်ကြုံခဲ လူ့ဘ၀ကို ရလာခိုက်လေးမှာ စိတ်ချမ်းချမ်းသာသာနဲ့ နေနိုင်သွားဖို့ပဲ။ ချမ်းသာပျော်ရွှင်မှုကို ငွေတို့၊ ကျော်ကြားမှုတို့၊ တန်ခိုးအာဏာတို့နဲ့ ဖန်တီးယူလို့ မရပါဘူး။ ကိုယ့်ဘ၀ကို ကျေနပ်နှစ်သိမ့်ပြီး ကြည်နူးနေနိုင်မှုကသာ တစ်ကယ့် စိတ်ချမ်းသာမှုကို ပေးနိုင်ပါတယ်။
ဒါကြောင့်လူငယ်တွေကို အကြံပြုလိုတာက (ကိုယ့်ကိုယ်ကိုယ် စိတ်ဓာတ်မကျရအောင်ရယ်..) ကိုယ့်ဘ၀ကိုယ် ကျေနပ်နှစ်သိမ့်မှုကို “ပညာ” ကပေးနိုင်စွမ်းရှိပါတယ်။ ဒီတော့.. ပညာရှာနေတာဟာလည်း ဘယ်တော့မှ အချည်းအနှီး အလဟဿ မဖြစ်ပါဘူးလို့ ရှင်းပြ၊ အကြံပြုလိုပါတယ်။



-ဒါနဲ့..ဆရာ ပညာ ဆိုလို့ပါ။ သညာ(knowledge) နဲ့ ပညာ (wisdom) လို့ ခွဲကြပါတယ်။ အခုခေတ် ပညာသင်နေတယ်ဆိုတာလည်း သညာ တွေကို ဆည်းပူးနေရတယ်လို့ ယူဆမိပါတယ်။ ဆရာ့ အနေနဲ့ “ပညာရေး”ဆိုတာနဲ့ “ပညာတတ် နဲ့ ပညာရှိ” ဆိုတာကို နဲနဲလောက်ဖြစ်ဖြစ် ရှင်းပြပေးစေလိုပါတယ်။

-ဒီနေ့ လူငယ်တွေဟာ ပညာကို အမောတကော ရှာဖွေနေကြတာ တွေ့နိုင်ပါတယ်။ ဆယ်တန်းဆိုတဲ့ အခြေခံ ပညာအဆင့်ပြီးဆုံးသွာပြီဆိုရင် ကိုယ့်အားကိုယ်ကိုးပြီး ကိုယ့်လမ်းကိုယ်လျှောက်နိုင်ရပါတော့မယ်။ တက္ကသိုလ် အဆင့်မှာ teach ဆိုတာ မရှိတော့ပါဘူး။ lecture ပေးတယ်ဆိုတာပဲ ရှိမယ်။ ယေဘူယျ ပြောရရင်တော့ တက္ကသိုလ်ပညာရေးဆိုတာ ကိုယ်တိုင်လေ့လာအားထုတ်မှုပြုခြင်း ဖြစ်ပါတယ်။ စာသင်ခန်းမှာတင်မကပဲ စာကြည့်တိုက်တွေ၊ တခြားနေရာတွေကလည်း ယူတတ်ရင် ပညာ ယူလို့ရပါတယ်။ ဒီနေရာမှာ ပြောစရာရှိလာတာက..၊

အနောက်နိုင်ငံ တက္ကသိုလ်ကြီးတွေက ပညာရှင်တွေတော်တော်များများဟာ ဒီခေတ် သူတို့နိုင်ငံ တက္ကသိုလ်ကြီးတွေက လူငယ်တွေရဲ့ အသိဥာဏ် ဖွံ့ဖြိုးမှုကို သိပ်အလေးမထားကြတော့ဘူး။ စက်ရုံ အလုပ်ရုံကြီးတွေအတွက် ကျွမ်းကျင်လုပ်သားတွေ မွေးထုတ်ဖို့၊ နိုင်ငံစုံကော်ပိုရေးရှင်းကြီးတွေ အတွက် မန်နေဂျာကောင်းတွေ မွေးထုတ်ဖို့ဆိုတာလောက်သာ အဓိကရည်မှန်းချက်အဖြစ် လုပ်ဆောင်နေကြတယ်။ အဲဒါကြောင့် ဘွဲ့ရပညာတတ် တွေရဲ့ အရည်အသွေးတွေ ကြာလေလျော့လေ ဖြစ်လာတယ်လို့ ပြောဆိုဆွေးနွေးကြပါတယ်။

တစ်ချို့ ပညာရှင်များကတော့ ပညာရေးကို စီးပွားရေး လုပ်ငန်းကြီးသဖွယ် ကမ္ဘာအနှံ့ ကြေငြာမောင်းခတ်ပြီး ဖောက်သည်(ကျောင်းသား) လိုက်ရှာဖွေနေတာ မနှစ်မြို့နိုင်အောင်ဖြစ်နေကြပါတယ်။ တစ်ချို့ကတော့ ပညာခေတ် ဆိုတဲ့ စကားတွင်တွင်သုံးပြီး စက်ပြင်ဆရာ ဆိုတာလောက်ကိုပဲ ပညာ လို့ သတ်မှတ်နေကြတာ သတိပြုမိပါတယ်။ စဉ်းစားတွေးခေါ်လုပ်တတ်တဲ့ အသိဥာဏ် ကို တယ်ပြီး အလေးမထားကြတော့ သလို ဖြစ်နေပါတယ်။
စဉ်းစားတွေးခေါ်ခြင်းနဲ့ ဆင်ခြင်တုံတရား ကို ကောင်းစွာ သဘောပေါက်နားလည်မှ အသိဥာဏ်ရှိသူ ဖြစ်နိုင်ပါတယ်။ ပညာရေး ဆိုတာ ကျွမ်းကျင်လုပ်သားနဲ့ စက်ဆရာကောင်းတွေ မွေးထုတ်ပေးတာထက် ပိုပြီး အဓိပ္ပာယ်ရှိသင့်ပါတယ်။ ဒါကြောင့် လူငယ်တွေကို ကိုယ်ပိုင်ဥာဏ်နဲ့ စဉ်းစားတွေးတောတတ်တဲ့ လူငယ် (ပညာရှိ) တွေ ဖြစ်လာအောင် ကိုယ့်ကိုယ်ကိုယ် ပြုစုပျိုးထောင်ကြပါလို့ တိုက်တွန်းချင်ပါတယ်။



-ပြီးတော့. ဆရာ တစ်ခုလောက် တောင်းဆိုချင်ပါတယ်။ အောင်မြင်မှုနဲ့ changeable ကို လက်ခံခြင်း အဆက်အစပ်ကိုကော…. လူငယ်တွေအတွက် ဆရာ ဘယ်လိုများ ပြောလိုပါသလဲ ခင်ဗျာ။

-ပြောင်းလဲခြင်း (changeable) က ပျော့ပျောင်းမှု (flexibility)၊ လိုက်လျောမှု (elasticity)၊ ဆန္ဒရှိမှု (willingness) တို့ရှိဖို့လိုအပ်တယ်။ အဲဒီ သုံးချက်မရှိဘဲ ပြောင်းလဲမှုမရှိနိုင်ဘူး။ အပြောင်းအလဲ လုပ်ဖို့ အချိန်ဆွဲနေခြင်းဟာ အပြောင်းအလဲမရှိနိုင်ဘူးဆိုတဲ့ သဘောပါပဲ။ ဒါကြောင့် ပြောင်းလဲမှု လုပ်ချင်ရင် ဆုံးဖြတ်ချက်ချပြီး ချက်ခြင်းလုပ်ပါ။ အချိန်မဆွဲပါနဲ့။ ဒီနေရာမှာ ထည့်ပြောချင်တာက ဆုံးဖြတ်ချက်ချခြင်းဟာ အရေးကြီးတယ် ဆိုတာပါပဲ။
“ဆုံးဖြတ်ချက်ချခြင်းအားဖြင့် ဆုံးဖြတ်ချက်ချတတ်အောင် သင်ယူရတယ်…”

လူငယ် အတော်များများဟာ ဘယ်ကိစ္စကိုမဆို ကိုယ်ပိုင်ဆုံးဖြတ်ချက် မချတတ်ကြပါဘူး။ ဟိုလူ့အားကိုး၊ ဒီလူ့အားကိုးနဲ့ ဖင့်နွဲ့နေတတ်ကြတယ်။ ဒီလိုလူတွေအတွက် ဒီလို ဆိုရိုးစကားပေါ်ထွက်လာဟန်ရှိပါတယ်။ အဲဒီလို၊ လူငယ်အများစုဟာ ဆုံးဖြတ်ချက်မချတတ်တာ၊ မချချင်တာနဲ့ပဲ ရောက်ရာနေရာမှာ တွယ်ကပ်နေတတ်တယ်။ ဒီနေရာမှာ ပြောနေကျစကားပဲ ထပ်ပြောရပါလိမ့်မယ်။

“ခေတ်အပြောင်းအလဲက ရှေးကလိုမဟုတ်တော့ဘူး၊ သိပ်ကိုမြန်ဆန်ပါတယ်။ ခေတ်တွေပြောင်းသလို လူနေမှုပုံစံတွေ၊ စိတ်ဓာတ်တွေပါ ပြောင်းလဲရပါမယ်။”
ပြောင်းလဲခြင်း ဆိုတာကိုက လောကနိယာမ ပဲ။ အသွင်သဏ္ဍန်တွေ ပြောင်းနေတယ်။ စိတ်ဓာတ်တွေ ပြောင်းနေတယ်။ အယူအဆတွေ ပြောင်းနေတယ်။ လောကကြီးတစ်ခုလုံးဟာ စက္ကန့်နဲ့အတူ လိုက်ပြီးပြောင်းနေတယ်။ လူ့ခန္ဒာကိုယ်ထဲက ကလပ်စည်းလေးတွေ စဉ်ဆက်မပြတ် ပြောင်းလဲနေခြင်းကြောင့် လူဟာ အသက်ရှင်နေတာပေါ့။

ဒါကြောင့် ပြောချင်တာက ပြောင်းလဲမှု (changeable) ကိုလက်ခံကြိုဆိုရပါမယ်။ ထပ်လောင်းပြောရရင် အောင်မြင်သူများဟာ ပြောင်းလဲနိုင်စွမ်းရှိသူများပါပဲ။


-ဟုတ်ကဲ့ပါ ဆရာ၊ နောက်ဆုံးအနေနဲ့ လူငယ်တွေကို ဘာများ ပြောချင်ပါသေးလဲ… ဆရာ။

-လူငယ်ဆိုတာ လူငယ်နဲ့တူမှ ကောင်းပါတယ်။ ပြောခဲ့ပြီးတဲ့အတိုင်း မြူးထူးတက်ကြွလန်းဆန်းခြင်းဆိုတာ လူငယ်ရဲ့စရိုက်၊ အမှီအခို၊ အချုပ်အချယ်က ကင်းလွတ်ပြီး လွတ်လွတ်လပ်လပ်ကြီး ရေဆန်ကို လူးလာကူးခတ်ချင်တာကလည်း လူငယ်ရဲ့ သဘာဝ၊ ပြီးတော့.. လူငယ်ဆိုတာ မျှော်လင့်ချက်တွေ တပွေ့တပိုက်နဲ့အမြင့်ဆုံးရောက်အောင် ပျံသန်းချင်တဲ့ စိတ်ရှိနေရမယ်။ လူငယ်ကို လူငယ်နဲ့တူစေချင်တယ်၊ လူငယ်က သံဝေဂပွား များနေရင် သဘာဝမကျဘူး။ ဖြစ်ချင်စိတ်ရှိရင် ဘာမဆိုဖြစ်နိုင်တယ်။ ဒီခေတ်ကြီးမှာ နည်းပညာတွေ ထွန်းကားသလောက် နည်းပညာတွေလည်း ပေါများတယ်။ ဖြစ်ချင်စိတ်၊ လုပ်ချင်စိတ်ရှိရင် လပေါ်ထိတောင်တက်နိုင်ပါတယ်။

ပြီးတော့ အလုပ်လုပ်ရင် အမှားတွေ့မှာပဲ။ ဒါ သံဝေဂ ရစရာ၊ နောင်တရစရာ မဟုတ်ဘူး၊ အမှားတွေ့ဖူးမှ အမှန်ကိုသိမှာ..၊ မှားမှာ မကြောက်ပါနဲ့။ ကိုယ့်စိတ်ကူးနဲ့ ကိုယ်လွတ်လွတ်လပ်လပ် လုပ်ပါ၊ ဘယ်သူ့မှ အားမကိုးပါနဲ့။ မမှီခိုချင်ပါနဲ့။ ကိုယ်စွမ်းကိုယ်စ တုံးသွားတတ်ပါတယ်။ အဲဒါကြောင့် တပည့် လူငယ်လေးတွေက မှီခိုအားထားချင်စိတ်နဲ့ သံဃာစင်ပေါ်တွန်းတင်တိုင်း ငြင်းပယ်ခဲ့ပါတယ်။ လူငယ်တွေကို အားမပေးချင်လို့ မဟုတ်ပါဘူး။ လူငယ်ပီပီ ၀ံ့ဝံ့စားစားနဲ့ လောကကြီးထဲ တိုးဝင်စေချင်လို့သာ ဖြစ်ကြောင်း….. လူငယ်တွေကို ပြောပြလိုက်ချင်ပါတယ်။


-အဖြေ အားလုံးအတွက် ဆရာ့ကို ကျေးဇူးတင်ပါတယ် ခင်ဗျာ။

ဤစာစုကို ကဗျာဆရာ DONA’DILA CONEE ရဲ့ ကဗျာတစ်ပိုဒ်နဲ့ အဆုံးသတ်ချင်ပါတယ်။

-ဘ၀ရဲ့ လျှို့ဝှက်ချက်တွေနဲ့ အဆုံးစွန်အဓိပ္ပာယ်ကို
ဘယ်သူမှ မသိရှိကြဘူး
ဒါပေမယ့် ကိုယ့်အိပ်မက်တွေကို ယုံကြည်တဲ့၊
ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့သူများအတွက်
ဘ၀ဆိုတာ ဘာမဆိုဖြစ်နိုင်တဲ့ အဖိုးတန်လက်ဆောင်တစ်ခုဖြစ်တယ်။



(၀န်ခံချက်

-လန်ဒန်မြို့ ကွင်းမေရီ တက္ကသိုလ်မှ သမိုင်းပါမောက္ခ DONALD SASSON မှ ၁၉ ရာစု ဘောဂပညာရှင် Dr. KARL MARX အားဗျူးသည့် “VIRTUAL INTERVIEW”

ကို အားကျသဖြင့်လည်းကောင်း …..၊

-အကြောင်းအမျိုးမျိုးကြောင့် ဆရာလူထုစိန်ဝင်း၏ ဆောင်းပါးများကို မဖတ်ဖြစ်သော သူငယ်ချင်းများအတွက် ရည်စူး၍လည်းကောင်း…၊

-တစ်နေကုန် အားယားနေလျက် ဆရာ့ဆောင်းပါး ၂၉ ပုဒ်ကို ရော၍ မွှေ၍ လက်ကမြင်းသောကြောင့် လည်းကောင်း.. ဤစာစု ဖြစ်ပေါ်လာရပါတော့သည်။)


မိုးခက်နွယ်
avatar
mkn
လေ့လာသူ
လေ့လာသူ

Posts : 65
Join date : 2010-05-25
Location : လူ့ပြည်

View user profile

Back to top Go down

Back to top

- Similar topics

 
Permissions in this forum:
You cannot reply to topics in this forum